တရားရုံး၌ အကူအညီရယူခြင်း

Help at court - Burmese (မြန်မာစာ)

တရားရုံး၌ အကူအညီရယူနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ Legal Aid NSW (ဥပဒေရေးရာ ပံ့ပိုးကူညီမှု NSW) သည် NSW တစ်ဝှမ်းရှိ အားလုံးသော ဒေသခံတရားရုံးများ နှင့် အခြားတရားရုံးနှင့် ခုံရုံး အများအပြားသို့ တရားခံရှေ့နေများအား ပေးပို့ထားပါသည်။ အဆိုပါတရားခံရှေ့နေများသည် အဆိုပါနေ့၌ တရားရုံးတွင် အမှုရင်ဆိုင်ဖို့ရှိသော်လည်း မိမိတို့ကိုယ်ပိုင်ရှေ့နေ မရှိသော ပုဂ္ဂိုလ်များအား အကူအညီပေးအပ်သွားမည် ဖြစ်သည်။

Legal Aid NSW အတွက် အလုပ်လုပ်သော တရားခံရှေ့နေများဖြစ်စေ သို့မဟုတ် Legal Aid NSW မှ အခကြေး ပေးထားသော ပုဂ္ဂလိကရှေ့နေများဖြစ်စေ သင့်အား အကူအညီပေးရန် ရှိနေကြပါသည်။ ၎င်းတို့၏ ဝန်ဆောင်မှုအား ရရှိနိုင်မည့် နေရာအား ကျွန်ုပ်တို့၏ NSW တရားရုံးများနှင့် ခုံရုံးများ၌ အကူအညီရယူခြင်း ဝက်ဘ်စာမျက်နှာ ၌ သင် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ 

တရားရုံးသို့ သင် မသွားရောက်မီ ဥပဒေရေးရာ အကူအညီ ရယူထားခြင်းသည် အကောင်းဆုံး ဖြစ်သည်။ LawAccess NSW ရှိ ကျွန်ုပ်တို့၏ အဖွဲ့ထံ 1300 888 529 သို့ ခေါ်ဆိုပါ၊ သို့မဟုတ် ဝက်ဘ်ချက်တ်ပေါ်ရှိ အဖွဲ့ဖြင့် စကားပြောဆိုရန် ခလုတ်အား ကလစ်နှိပ်ကာ ကျွန်ုပ်တို့ဖြင့် ပြောဆိုဆွေးနွေးပါ။

တရားခံရှေ့နေများ

Bankstown ၊ Blacktown ၊ Penrith ၊ Mount Druitt နှင့် Sutherland ဒေသခံတရားရုံးများတွင် ကူညီပေးခြင်း

သင့်တွင် အောက်ဖော်ပြပါတရားရုံး၌ ရာဇဝတ်ပြစ်မှုတစ်ခုခု ရှိနေပါသလား −

  • Bankstown ဒေသခံတရားရုံး
  • Blacktown ဒေသခံတရားရုံး
  • Mt Druitt ဒေသခံတရားရုံး
  • Penrith ဒေသခံတရားရုံး သို့မဟုတ်
  • Sutherland ဒေသခံတရားရုံး။

တရားခံရှေ့နေတစ်ဦးထံမှ ဥပဒေရေးရာအကူအညီ တောင်းဆိုရန် အလွန်လွယ်ကူသော နည်းလမ်းတစ်ခု ရှိပါသည် – ကျွန်ုပ်တို့၏ အွန်လိုင်းလျှောက်လွှာဖောင်အား ဖြည့်စွက်လိုက်ရုံသာ ဖြစ်သည်။ ဤလျှောက်လွှာဖောင် သည် အသုံးပြုရ လျင်မြန်၊ လွယ်ကူသည့်အပြင် မည်သည့်အချိန်၌မဆို တင်သွင်းနိုင်ပါသည်။ ၎င်းအား တင်သွင်းပြီးသည်နှင့်တစ်ပြိုင်နက် Legal Aid NSW မှ ၀န်ထမ်းအဖွဲ့ဝင်တစ်ဦးသည် သင့်ထံ ပြန်လည်ခေါ်ဆိုမည် ဖြစ်သည်။

အကယ်၍ သင်၏ H နံပါတ်အား မသိရှိလျှင် ၎င်းအား မေးမြန်းလာသည့်အခါ၌ H0000 ဟူ၍သာ ထည့်သွင်းလိုက်ပါ။ ဤလျှောက်လွှာဖောင်အား အထက်တွင် စာရင်းပြုဖော်ပြထားသော တရားရုံးများ၌သာလျှင် အသုံးပြုနိုင်ပါသည်။

တရားရုံး၌ မိမိတို့၏ အမှုရင်ဆိုင်ဖို့ရှိနေသော နေ့၌ အကန့်အသတ်ရှိသော ကူညီမှုအား ရယူရန် တရားခံရှေ့နေတစ်ဦးထံသို့ ချဉ်းကပ်နိုင်ပါသည်။

အကယ်၍ သင်၏အမှုသည် ပိုမိုရှုပ်ထွေးလျှင် တရားခံရှေ့နေအနေနှင့် သင့်အမှုအား ရွှေ့ဆိုင်းပေးဖို့ရန် သင့်အတွက် ကူညီလျှောက်ထားကောင်း လျှောက်ထားပေးနိုင်ပါသည်။ ဤသို့အားဖြင့် သင့်အမှုအား နောက်ရက်စွဲတစ်ချိန်အထိ ဆိုင်းငံ့ထားနိုင်မည်ဖြစ်ရာ သင့်အနေနှင့် ဥပဒေရေးရာ အကြံပေး သို့မဟုတ် ကိုယ်စားလှယ်အား ရှာဖွေရယူနိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဥပဒေရေးရာအကြံပေး ဝက်ဘ်စာမျက်နှာ၌ အချက်အလက်များအား သင် ပိုမိုရှာဖွေ ကြည့်ရှုနိုင်ပါသည်။

သင့်အတွက် တရားခံရှေ့နေတစ်ဦးမှ ဆောင်ရွက်ပေးနိုင်သော အရာများနှင့်ပတ်သက်ပြီး အကန့်အသတ်များ ရှိပါသည်။ တရားခံရှေ့နေတစ်ဦးသည် အောက်ပါတို့အား ဆောင်ရွက်ပေးကောင်း ဆောင်ရွက်ပေးနိုင်ပါသည် −

  • သင့်အမှုနှင့်ပတ်သက်ပြီး သင့်အား အကြံဉာဏ်ပေးခြင်း
  • တရားခွင်၌ ဖြစ်လာနိုင်သည့်အရာများအကြောင်း ရှင်းလင်းပြောပြထားခြင်း
  • သင့်အမှုအား ရွှေ့ဆိုင်းပေးဖို့ရန် သင့်အတွက် ကူညီလျှောက်ထားပေးခြင်း၊ ဤသို့အားဖြင့် သင့်အနေနှင့် ဥပဒေရေးရာ အကြံပေးရယူရန် အချိန်ပိုမိုရရှိနိုင်မည် ဖြစ်သည် 
  • သင့်ကိုယ်စား တရားရုံး/ခုံရုံး သို့မဟုတ် အခြား ပါတီအဖွဲ့များထံသို့ ပြောဆိုပေးခြင်း
  • သင်၏ တရားရုံး စာရွက်စာတမ်းများ သို့မဟုတ် အရေးပေါ် တရားရုံးလျှောက်လွှာများနှင့်ပတ်သက်၍ အကူအညီပေးခြင်း၊ 
  • တရားခွင်တွင် သင့်အတွက် ပြောဆိုပေးခြင်း။

မိသားစုဆိုင်ရာ ဥပဒေအမှုကိစ္စများတွင် တရားခံရှေ့နေများသည် အရေးပေါ် မိသားစု ဥပဒေပြဿနာများ – ဥပမာ သင်၏ အဆက်ဟောင်းသည် သင့်ကလေးအား ပြန်မပေးခြင်း သို့မဟုတ် ၎င်းတို့အား နိုင်ငံရပ်ခြားသို့ ခေါ်သွားမည်ဟု ခြိမ်းခြောက်ခြင်း အစရှိသော အရာများတွင်လည်း အကူအညီပေးကောင်း ပေးနိုင်ပါသည်။

ရာဇဝတ်ပြစ်မှုတစ်ခုတွင်မူ အကယ်၍ သင်သည် အပြစ်မရှိကြောင်း ထွက်ဆိုထားပြီး သင့်အမှုအား ၎င်းနေ့၌ ကြားနာရန် စာရင်းပြုထားလျှင် ၎င်းတို့အနေနှင့် တရားရုံး၌ သင့်အား ကိုယ်စားပြုပေးနိုင်မည် မဟုတ်ပေ။

ကြားနာမှုတစ်ခုဆိုသည်မှာ မျက်မြင်သက်သေများ တရားခွင်သို့ ရောက်လာကြ၍ ဖြစ်ပျက်ခဲ့သည့်အရာများ အကြောင်း ပြောဆိုကာ အောက်ရုံးတရားသူကြီး သို့မဟုတ် တရားသူကြီးဖြစ်သူအနေနှင့် ရှေ့နေနှစ်ဖက်စလုံးမှ ပြုလုပ်သော စွဲဆို၊ ခုခံချေပမှုများကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်သည်။

အကယ်၍ ကြားနာမှုတစ်ခုအတွင်း သင် အကူအညီလိုအပ်လျှင် သို့မဟုတ် တစ်စုံတစ်ဦးအား သင့်အတွက် ပြောကြားစေလိုလျှင် သင့် ကြားနာမှုနေ့စွဲမတိုင်မီ Legal Aid NSW မှ ရှေ့နေတစ်ဦး သို့မဟုတ် ဥပဒေရေးရာ ပံ့ပိုးကူညီမှုအား ကောင်းမွန်စွာ လုပ်ဆောင်ပေးသော ရှေ့နေတစ်ဦးနှင့် သင် ပြောဆိုဆွေးနွေးသင့်သည်။ ဤသည်နှင့်ပတ်သက်သည့် နောက်ထပ် အချက်အလက်များအား ကျွန်ုပ်တို့၏ ဥပဒေရေးရာ အကြံပေး ဝက်ဘ်စာမျက်နှာ၌ သင် ရှာဖွေနိုင်ပါသည်။

NSW ရှိ အားလုံးသော ဒေသခံ တရားရုံးများ၊ တရားခွင်အဖြစ် ပြင်ဆင်ထားသည့် အားလုံးသော မိသားစုဥပဒေ တရားရုံး တည်နေရာများ၊ နှင့် NSW တစ်ဝှမ်းမှ အခြားတရားရုံးနှင့် ခုံရုံးများ အများအပြားတွင် ကျွန်ုပ်တို့၏ တရားခံရှေ့နေများအား ထားရှိထားပါသည်။

ကျွန်ုပ်တို့၏ NSW တရားရုံးများနှင့် ခုံရုံးများ၌ အကူအညီရယူခြင်း ဝက်ဘ်စာမျက်နှာ ရှိ သင်၏ တည်နေရာ၌ အကူအညီရယူနိုင်ခြင်း ရှိ၊မရှိကိုလည်း သင် စစ်ဆေးကြည့်ရှုနိုင်ပါသည်။

တရားခံရှေ့နေတစ်ဦးဖြင့် တွေ့ဆုံခြင်းနှင့် ၎င်းနေ့၌ အကူအညီလက်ခံရယူခြင်းသည် အခမဲ့ ဖြစ်ပါသည်။

အကယ်၍ သင် ဆက်လက်၍ အကူအညီရယူမည်ဆိုလျှင် သင့်အနေနှင့် ဥပဒေရေးရာ ပံ့ပိုးကူညီမှုအတွက် အရည်အချင်းပြည့်မီဖို့ လိုအပ်မည် ဖြစ်ပြီး၊ သင့်အမှု၏ ကုန်ကျစရိတ်နှင့်ပတ်သက်၍ ထည့်ဝင်ပေးချေမှုတစ်ခု သင် ပြုလုပ်ရမည် ဖြစ်သည်။

သင် ပေးချေရမည့် ပမာဏသည် သင် ရရှိသော ဝင်ငွေပမာဏနှင့် သင် ပိုင်ဆိုင်သည့်အရာများအပေါ် မူတည်နေပါသည်။

ရာဇဝတ်ပြစ်မှု အမှုကိစ္စများတွင် အကယ်၍ သင်၏ တရားခံရှေ့နေသည် သင့်အား အကြံပြုချက်များ ထောက်ပံ့ပေးခြင်းသာဖြစ်လျှင်၊ သို့မဟုတ် ဤသည်မှာ သင်၏ ပထမဆုံး တရားခွင်ဝင်ရောက်ချိန်ဖြစ်ပြီး၊ သင်သည် ထိန်းသိမ်းခံနေရလျှင် ဥပဒေရေးရာ ပံ့ပိုးကူညီမှုအတွက် သင် အရည်အချင်းပြည့်မီဖို့ မလိုအပ်ပေ။ အကယ်၍ တရားခံရှေ့နေသည် တရားခွင်၌ သင့်အား ကိုယ်စားပြုခြင်းဖြစ်လျှင်မူ သင့်အနေနှင့် ဥပဒေရေးရာ ပံ့ပိုးကူညီမှုအတွက် ယေဘုယျအားဖြင့် အရည်အချင်းပြည့်မီဖို့ လိုအပ်မည်ဖြစ်သည်။

မိသားစုဥပဒေဆိုင်ရာ အမှုကိစ္စများတွင် သင့်အနေနှင့် တရားခံရှေ့နေ သို့မဟုတ် တရားရုံးရှိ လူမှုရေးပံ့ပိုးထောက်ပံ့မှု ဝန်ဆောင်မှုတို့ထံမှ အကူအညီရယူရန် ဥပဒေရေးရာ ပံ့ပိုးကူညီမှုအတွက် အရည်အချင်းပြည့်မီဖို့ မလိုအပ်ပေ။

ဥပဒေဆိုင်ရာ စကားလုံးအသုံးအနှုန်းများသည် တစ်ခါတစ်ရံ နားလည်ရန် ခက်ခဲတတ်ပါသည်။ အကယ်၍ အင်္ဂလိပ် ဘာသာစကားသည် သင်၏ ပထမဘာသာစကား မဟုတ်လျှင် သို့မဟုတ် Auslan (သြစတြေးလျသင်္ကေတပြ ဘာသာစကား) ဖြင့် သင် ဆက်သွယ်လိုလျှင် တရားရုံး၌ သင့်အား ကူညီပေးဖို့ စကားပြန်တစ်ဦးအား သင် ရယူကောင်း ရယူလိုပေမည်။

များစွာသောအမှုများတွင် တရားရုံးသည် စကားပြန်တစ်ဦးအတွက် ပေးချေပေးမည်ဖြစ်ပြီး၊ စကားပြန်တစ်ဦးအား တတ်နိုင်သမျှအမြန်ဆုံး စီစဉ်နိုင်ရန် ၎င်းတို့ထံသို့ သင် ဆက်သွယ်သင့်ပေသည်။

အကယ်၍ စကားပြန်တစ်ဦး လိုအပ်သည်ဟု တရားရုံးမှ ဆုံးဖြတ်ခဲ့လျှင် နောက်ထပ်ရက်ချိန်းတစ်ချိန်အထိ အမှုအား ရပ်ဆိုင်းထားဖို့ လိုအပ်ကောင်း လိုအပ်ပေမည်။

အကယ်၍ ကျွန်ုပ်တို့ထံသို့ ဆက်သွယ်ရန် စကားပြန်တစ်ဦး သို့မဟုတ် အခြား ဆက်သွယ်ရေးတစ်ခုခုအား သင် လိုအပ်ခဲ့လျှင် ကျွန်ုပ်တို့၏ ကျွန်ုပ်တို့ထံဆက်သွယ်ရန် ဝက်ဘ်စာမျက်နှာပေါ်ရှိ ရွေးချယ်စရာများအား ကျေးဇူးပြု၍ ကြည့်ရှုပေးပါ။

တရားရုံးသို့ လာရောက်သည့်အခါတွင် သင့်အနေနှင့် − 

  • သင်၏အမှုနှင့်ပတ်သက်ပြီး သင့်တွင်ရှိသော စာရွက်စာတမ်းများအားလုံးအား စုဆောင်း၍ ယူဆောင်လာသင့်ပေသည် – ရာဇဝတ်ပြစ်မှုများနှင့်ပတ်သက်၍ ဤတွင် မူဝါဒဆိုင်ရာ အချက်အလက်စာရွက်စာတမ်းများ နှင့် စာရိတ္တထောက်ခံချက်များတို့ ပါဝင်ကောင်း ပါဝင်မည် ဖြစ်ပြီး၊ မိသားစု ဥပဒေရေးရာအမှုများအတွက်မူ ဤတွင် အမိန့်ထုတ်ပြန်ချက်မှန်သမျှ၏ မိတ္ထူများ နှင့် အခြားသော တရားရုံး စာရွက်စာတမ်းများတို့ ပါဝင်ကောင်း ပါဝင်ပေမည်၊ တရားမမှုများနှင့်ပတ်သက်၍မူ ဤတွင် သင့် ဥပဒေအမှုနှင့်သက်ဆိုင်သော စာများ သို့မဟုတ် ပြစ်ဒဏ် သတိပေးချက်များ မှန်သမျှတို့၏ မိတ္ထူများ ပါဝင်ကောင်း ပါဝင်နိုင်ပါသည် 
  • သင့်အမှုမတိုင်မီ တစ်နာရီကြို၍ တရားရုံး သို့မဟုတ် ခုံရုံးသို့ လာရောက်သင့်သည် – တရားခံရှေ့နေနှင့် တွေ့ဆုံရန် သင် စောင့်ဆိုင်းကောင်း စောင့်ဆိုင်းဖို့ လိုအပ်ပေမည် 
  • တစ်ရက်လုံး အားလပ်အချိန်ပေးနိုင်ဖို့ သေချာအောင်ဆောင်ရွက်ထားသင့်သည် – အချို့သော တရားရုံးများသည် အမှုများ အားလုံးအား တစ်ချိန်တည်းတွင် စာရင်းဆွဲထားသည်ဖြစ်ရာ သင့်အမှုအား မကြားနာမီ နာရီအနည်းငယ် သင် စောင့်ဆိုင်းကောင်း စောင့်ဆိုင်းရနိုင်ပါသည်၊ ဤသည်အား တရားရုံးကို သင် စုံစမ်းမေးမြန်းထားသင့်သည် 
  • စကားပြန် သို့မဟုတ် အခြား ပံ့ပိုကူညီမှုအား သင် လို၊မလို တရားရုံးသို့ အသိပေးထားသင့်သည်၊ ထို့ပြင် 
  • သင် ဆန္ဒရှိပါက သင့်အား ပံ့ပိုးအားပေးရန် မိတ်ဆွေ သို့မဟုတ် မိသားစုဝင်တစ်ဦးအား ခေါ်လာသင့်သည်။ 

တရားရုံးတွင် သင်၏ လုံခြုံရေးနှင့်ပတ်သက်ပြီး သင့်တွင် စိုးရိမ်ပူပန်မှုများ ရှိလျှင် ၎င်းစိုးရိမ်ပူပန်မှုများအား ဆွေးနွေးတိုင်ပင်ရန် တရားရုံး နေ့စွဲမတိုင်မီ တရားရုံးသို့ သင်ဆက်သွယ်သင့်သည်၊ တရားရုံး အဆောက်အအုံထဲသို့ သင် ဝင်ရောက်သည့်အခါ လုံခြုံရေးနှင့် ဆွေးနွေးပါ၊ သို့မဟုတ် တရားရုံးသို့ မသွားမီ ကျွန်ုပ်တို့နှင့် စကားပြောဆိုရန်အတွက် ကျွန်ုပ်တို့ထံဆက်သွယ်ရန် ဝက်ဘ်စာမျက်နှာရှိ အသေးစိတ် အချက်အလက်များအား အသုံးပြုပါ။

တရားခံရှေ့နေသည် တရားရုံးသို့ သင် အမှုချိန်းလာသည့်နေ့၌ သင့်အမှုအား အလုံးစုံအပြီးသတ်ဆောင်ရွက်ပေးနိုင်မှ ဆောင်ရွက်ပေးနိုင်ပေမည်။ အကယ်၍ သင်၏အမှုသည် ပို၍ရှုပ်ထွေးလျှင် တရားခံရှေ့နေသည် သင့်အမှုအား ရွှေ့ဆိုင်းပေးဖို့ရန် (နောက်ထပ်ရက်ချိန်းနေ့စွဲအထိ သင့်အမှုအား ရပ်ဆိုင်းထားရန်) ကူညီတောင်းဆိုကောင်း တောင်းဆိုပေးနိုင်ပါသည်၊ ဤသို့ဖြင့် ဥပဒေရေးရာအကြံဉာဏ် သို့မဟုတ် ကိုယ်စားပြုပေးသူအား ရှာဖွေရယူဖို့ သင့်တွင် အခွင့်အရေးရရှိပေမည်။

အကယ်၍ နောက်ထပ် ဥပဒေဆိုင်ရာ အကူအညီများ သင် လိုအပ်သေးလျှင် Legal Aid NSW မှ တရားခံ ရှေ့နေများသည် ဆက်လက် အကူအညီပေးကောင်း ပေးနိုင်ပါသည်၊ သို့မဟုတ် သင့်အမှုအား လိုက်ပေးမည့် ရှေ့နေတစ်ဦးအား ကူညီလျှောက်ထားပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ ဥပဒေရေးရာ ပံ့ပိုးကူညီမှု လျှောက်ထားရန် ဝက်ဘ်စာမျက်နှာတွင် အချက်အလက်များ ပိုမို ဖတ်ရှုနိုင်ပါသည်။ ထို့ပြင် သင့်အား အကူအညီပေးနိုင်မည့် အခြားသော ဝန်ဆောင်မှုများသို့လည်း သင့်အား ကျွန်ုပ်တို့ ညွှန်းဆိုလွှဲပြောင်းကောင်း လွှဲပြောင်းပေးနိုင်ပါသည်။

ဒေသခံရှေးတိုင်းရင်းများနှင့် တောရက်စ်ရေလက်ကြား ကျွန်းသားများတို့သည် တရားရုံးတွင် Legal Aid NSW တရားခံရှေ့နေများ သို့မဟုတ် Aboriginal Legal Service (NSW/ACT) ရှိ ရှေ့နေများထံမှ အကူအညီ ရရှိနိုင်ပါသည်။

အကယ်၍ သင်သည် အသက် 18 နှစ်အောက် ဖြစ်ပြီး၊ တရားရုံး၌ အကူအညီ လိုအပ်ပါလျှင် လူငယ်ရေးရာ သီးသန့်ဖုန်းလိုင်း 1800 10 18 10 သို့ ခေါ်ဆိုနိုင်ပါသည်။

၎င်းသီးသန့်ဖုန်းလိုင်းသည် ကြားရက်များ၌ မနက် 9 နာရီမှ ညသန်းခေါင်အချိန်အထိ၊ ထို့ပြင် 24 နာရီဝန်ဆောင်မှုနှင့်အတူ သောကြာနေ့ မနက် 9 နာရီမှ တနင်္ဂနွေ ညသန်းခေါင်ချိန်အထိ နှင့် အများပြည်သူ အားလပ်ရက်များတွင်လည်း ခေါ်ဆိုနိုင်ပါသည်။

အမျိုးသမီးများအတွက် အိမ်တွင်းအကြမ်းဖက်မှု တရားခွင်အကြံပေး ဝန်ဆောင်မှုများ သည် NSW တစ်ဝှမ်းရှိ ဒေသခံ တရားရုံး များစွာတွင် အိမ်တွင်း အကြမ်းဖက်မှု ခံစားနေရသည့် အမျိုးသမီးများနှင့် ကလေးများအား ပံ့ပိုးကူညီပေးပါသည်။ 

မိသားစုဥပဒေရေးရာ တရားရုံးများတွင် အိမ်တွင်းအကြမ်းဖက်မှုကြောင့် သက်ရောက်ခံစားရသည့် မိသားစုများအား အကူအညီပေးရန်အတွက် အမျိုးသမီးများနှင့် အမျိုးသားများ နှစ်ဦးနှစ်ဖက်စလုံးအတွက် မိသားစု အကြံပေးနှင့် ပံ့ပိုးမှု ဝန်ဆောင်မှုများ ထံမှ ပံ့ပိုးဝန်ဆောင်မှု လုပ်သားများအား ရရှိနိုင်ပါသည်။

ကလေးတရားရုံး ပံ့ပိုးကူညီမှုအစီအစဉ် မှ လူငယ်ဆိုင်ရာ လုပ်သားများသည် ကလေးတရားရုံးတွင် အမှုရင်ဆိုင်ရသော လူငယ်များအား ပံ့ပိုးကူညီပေးသည်။